“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်” | ဧရာဝတီ
အင်တာဗျူး
“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”
Hits:1
  | |
ကချင် လွတ်လပ်ရေး တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ)
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိက၀တ်များ မရရှိခဲ့ပေ။ အစိုးရဘက်မှ KIA တပ်များကို စစ်ရေးအရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေးရမည်ဟု ပြောဆိုနေမှုများ ရှိနေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော်အကြား စစ်ရေး၊ နိုင်ငံရေးအခြေနေများကို KIA  ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။
မေး။     ။ ရွှေလီ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ဘာကြောင့် မတက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ စမေးချင်ပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင် အစိုးရဘက်က ဘယ်သူတွေ လာမယ်ဆိုတဲ့ လူစာရင်း ကြိုရထားတာရှိပါသလား။
ဖြေ။     ။ ဆွေးနွေးပွဲ ဘာလို့ မတက်သလဲဆိုတော့ ဆွေးနွေးပွဲတွေက KIO ဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော် အစိုးရဘက်က ကိုယ်စားလှယ် အဖွဲ့တွေ့တာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေတွေနဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ KIO ကနေ လိုအပ်တဲ့ သူတွေကို ပြန်ပြီးတက်ဖို့ အစီအစဉ်ပါ။ ဆွေးနွေးမယ့် နာမည်စာရင်းတွေ ကြိုမရဘူး။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကြိုပြီး အကြောင်းကြားတာ မရှိဘူး။ ဟိုကနေ အကြောင်းကြားတာကတော့ အောက်တိုဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားတာက ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ လာမယ်လို့ အကြောင်းကြားတဲ့ စာပဲရတယ်။ ဒီစာကို အခြေခံပြီးတော့ ဒီကနေလည်း ကိုယ်စားလှယ် အဖွဲ့တွေ သွားကြတာ။ ဒါပေမယ့် တကယ်လို့ ဟိုမှာ လိုအပ်တဲ့ အခြေအနေအရ KIO ကနေ ကိုယ်စားလှယ် အဖွဲ့ထဲမှာ မပါပေမယ့် လိုအပ်ရင် သွားဖို့က အဆင်သင့်ရှိပါတယ်။ သွားမယ်ဆိုရင်လည်း ဒီကနေ သုံးနာရီခွဲလောက်ပဲ ကြာပါတယ်။
မေး။     ။ ဆွေးနွေးပွဲရက်ကိုရော KIO က ရွေးခဲ့တာလား။
ဖြေ။     ။ ရက်က အောက်တိုဘာလ မကုန်ခင်မှာ လုပ်ရအောင်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ ကျနော်တို့က ၃၀ ကနေ စရင် ကောင်းမယ်ထင်တယ်လို့ ပြန်အကြောင်းကြားလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၃၁ လို့ ပြောလိုက်ရင်လည်း ကျနော်တို့က ဒီလရဲ့ နောက်ဆုံးရက်ကို သွားရွေးသလို ဖြစ်နေမယ်။ ၂၈ ကတော့ တနင်္ဂနွေ ဖြစ်နေတော့ ၂၉ ကို မမီနိုင်ဘူးဆိုတော့ ၃၀ ရက်နေ့မှာ စလုပ်နိုင်ဖို့ဆိုပြီး အကြောင်းပြန်လိုက်တာ။ သူတို့ဘက်ကနေ ၃၀ ရက်နေ့ လုပ်ဖို့ သဘောတူတယ်လို့ ပြန်အကြောင်း ကြားလာတယ်။
မေး။     ။ အခု ဆွေးနွေးပွဲမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေရမယ်လို့ ပြောသွားတာ ရှိပါတယ်။ အဲဒီအချက် အပေါ်မှာရော KIO ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ။     ။ KIO ကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုခဲ့တာ အရင်ကတည်းကပဲ။ ဒါပေမယ့် ဘယ်လို ပုံစံလဲဆိုတာတော့ ပြန်ညှိရမယ်။ ဥပမာ အခု နိုင်ငံတော် အစိုးရကနေ ပြောနေတဲ့ Road Map အတိုင်းပဲ ဆွေးနွေးမလား၊ အဲဒီလို မဟုတ်ဘဲနဲ့ ကြိုတင် ကန့်သတ်ချက်မရှိဘဲနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် အများတွေ့နိုင်တဲ့ အနေအထား ရှိမလားဆိုတာ ပြန်ညှိရမယ်။
မေး။     ။ ဦးအောင်မင်းကတော့ နိုဝင်ဘာမှာ ထပ်တွေ့ချင်တယ်လို့ ပြောသွားပါတယ်။ KIO ဘက်က နိုဝင်ဘာမှာ တွေ့နိုင်ပါသလား။
ဖြေ။     ။ အဓိကကတော့ ခုနကပြောသလို ဘယ်လို ပုံစံ ဆွေးနွေးကြမလဲ ဆိုတာကို သဘောတူကြရင် အချိန်မရွေး တွေ့လို့ရပါတယ်။ ကျနော်တို့ ဘက်ကနေ ပြောထားတာကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်ပါ၊ ရွေးကောက်ပွဲ ၀င်ပါလို့ ကြိုတင် ကန့်သတ်ချက်နဲ့ လုပ်ထားရင် ရှေ့ကို ဆက်ပြီးဆွေးနွေးရတာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီလို ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ်၊ ဆွေးနွေးတဲ့ အခါကျမှ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးမလဲ၊ ဒါကို အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းချင်တယ်။
မေး။     ။ ဒါဆိုရင် အပစ်မရပ်ဘူး၊ နိုင်ငံရေးဆွေးနွေးမယ်၊ နိုင်ငံရေး ဆွေးနွေးနေတဲ့ အတောအတွင်းမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးပါလို့ ဆိုလိုချင်တာပါလား။
ဖြေ။     ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတခုရဲ့ အရေးကြီးတဲ့ ကျောရိုးဖြစ်တာကိုး။ KIO ရဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေက ပြည့်စုံမှုမရှိဘူး။ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ အခွင့်အရေးကို အာမခံချက် ပေးမထားဘူး။ ဒါကြောင့်မို့လို့ ဒီလို အာမခံချက်မျိုးကို ပေးထားနိုင်တဲ့ အခြေခံဥပဒေမျိုး ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။
မေး။     ။ အစိုးရ ငြိမ်းကော်မတီနဲ့ တရားဝင်ရော အလွတ်သဘောပါ တွေ့ခဲ့ကြတာ အခုရွှေလီ ဆွေးနွေးပွဲဟာ ၁၀ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။ ဘာကြောင့် ဒီလောက်ကြန့်ကြာနေတာပါလဲ။ တကယ်လို့ ငြိမ်းကော်မတီမှာ ဦးအောင်မင်း အစား ဒေါ်အောာင်ဆန်းစုကြည် ဆိုရင်ရော KIO အနေနဲ့ ဘယ်လို သဘောထားမလဲ။
ဖြေ။     ။ အဓိက အချက်ကတော့ မူပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာပြီးတော့ KIO ကို ၂၀၀၈ ထဲကို လာပါလို့ ပြောရင်တော့ ဒါအဆင်ပြေနိုင်မယ် မထင်ဘူး။ တကယ်လို့ ဘယ်သူပဲ ဖြစ်ဖြစ် ၂၀၀၈ ထဲကို ၀င်လာပါဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိနှိုင်းကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။ နောက်တခုကတော့ KIO အနေနဲ့ကတော့ ဘယ်သူဘယ်ဝါလာမှ ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရကနေ တာဝန်ပေးလိုက်တဲ့ ဘယ်သူနဲ့ မဆို ဆွေးနွေးမယ်ဆိုတာကို ကြိုပြီး ပြောထားပြီးသားပဲ။ KIO ရဲ့ ခံယူချက်က ဒီပြည်တွင်းစစ်ဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်တဲ့ စစ်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်။ အခု အပစ်အခတ်ရပ်ဆိုင်းရေး တပ်ဆုတ်တာတို့၊ ခံစစ်၊ ထိုးစစ်တို့ တပ်တွေကို ခွာရမယ်လို့ ပြောတဲ့ဟာတွေ အကုန်လုံးက ဒါ စစ်ရေးနည်းလမ်းဖြစ်တယ်။ အဲဒီတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာကတော့ နိုင်ငံရေးစနစ်ကို အပြီးသတ် မဖြေရှင်းနိုင်ဘူးလို့ KIO က ယုံကြည်တယ်။
မေး။     ။ ခု နောက်ဆုံး ရွှေလီဆွေးနွေးပွဲကိုရော စိတ်ကျေနပ်မှု ရခဲ့ပါသလား။
ဖြေ။     ။ ၃၀ ရက်နေ့ အစည်းအဝေးတုန်းက KIO ဘက်က ကိုယ်စားလှယ် ဦးဆွန်လွတ်ဂမ်က နိုင်ငံရေးဆွေးနွေးပွဲတွေကို အခု အစည်းအဝေးကနေစပြီး လုပ်သွားဖို့ တောင်းဆိုလိုက်တာ၊ ကြိုတင် ကန့်သတ်ချက်များ မပါရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ဒီအချိန်ကနေ စတင်ဖို့ ဆိုပြီး တောင်းဆိုလိုက်တာ။ အဲလို တောင်းဆိုလိုက်တာနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးလိုက်ခြင်းဟာ ဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူးလို့ ဆိုလိုတယ်လို့ KIO က  ယူဆတယ်။
မေး။     ။ အောက်တိုဘာ ၃၀ ရွှေလီ ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တာ ရှိလား။
ဖြေ။     ။ တိုက်ပွဲက  တောက်လျှောက်ဖြစ်နေတယ်။ အောက်တိုဘာ၂၈ လောက်ကတည်းက ရှမ်းပြည်နယ် တပ်မဟာ ၄ ဒေသဘက်မှာ အဓိက ထိုးစစ်တွေ လုပ်လာတယ်။ ၃၀ ရက်နေ့မှာ တပ်ရင်း ၃ ဒေသ၊ ဆဒုံးဒေသမှာ မြန်မာ့ တပ်မတော်က အင်အားဖြည့်တယ်။ ၃၀ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။
မေး။     ။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နဲ့လည်း အပစ်ရပ်ပြီးတဲ့ နောက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ KIA ကိုလည်း နိုင်ငံရေးဆွေးနွေးနေရင်း တဘက်က ထိုးစစ်ဆင်နေတယ်၊ တပ်မတော်ဘက်ကလည်း တပ်တွေ ပိတ်ဆို့ခံထားရတယ်လို့ ဆိုတယ်။ ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရရော လက်နက်ကိုင် တိုင်းရင်းသားတွေရော နှစ်ဦးနှစ်ဘက် ဘာတွေ ညှိနှိုင်းဖို့ လိုနေတာပါလဲ။
ဖြေ။     ။ ငြိမ်းချမ်းရေးလို့ ပြောရတာခက်ပါတယ်။ တကယ်တော့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်တာလည်း သိပ်မရှင်းဘူး။ အပစ်အခတ် ရပ်ထားတာကို ယာယီ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ပြည်သူ့စစ် ဖြစ်သွားတာက ထာဝရ ငြိမ်းချမ်းရေးလို့ ပြောတယ်။ အဲလို အဓိပ္ပာယ် ဖွင့်မယ်ဆိုရင်တော့ KIO အပါအ၀င် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်ခံမှာ မဟုတ်ပါဘူး။ အခု အပစ်ရပ်ထားတဲ့ အဖွဲ့တွေ ဘာမှ မပြောသေးဘူးဆိုတာလည်း အဲဒီအဆင့်ကို မရောက်သေးလို့ပါ။ အဲဒီအဆင့်ကို ရောက်သွားလို့ရှိရင် ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရင်တော့ စစ်ရေးရော တခြားကိစ္စတွေပါ အကုန် ပြေလည်သွားမယ်လို့ ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာတာ။ ဒီနိုင်ငံရေးစနစ်ကို ညှိနှိုင်းပြီး ပြုပြင်လိုက်ပြီဆိုရင် ဒီအစွယ်အပွားဖြစ်တဲ့ ပြဿနာတွေအကုန်လုံး ပြေလည်သွားမယ်လို့ KIO က ဒီလိုပဲ ယုံကြည်တယ်။
မေး။     ။ ငြိမ်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ရွှေလီမှာ KIO ကို အချက်လေးချက် တောင်းဆိုသွားပါတယ်။ အဲဒီအချက်တွေကို လိုက်လျောပေးဖို့ ရှိမရှိ သိချင်ပါတယ်။
ဖြေ။     ။ လောလောဆယ်တော့ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကျဖို့ လိုပါတယ်။ ပူတာအို လမ်းတွေဆိုတာက ကျနော်တို့ တပ်မဟာ ၁ ဒေသဘက်ကို ဖြတ်နေရတဲ့ လမ်းတွေ၊ အဲဒီတော့ တစုံတရာ သဘောတူညီချက်တွေ သေချာ အခိုင်အမာ လုပ်ပြီးမှပဲ ကျနော်တို့က နှစ်ဘက် အပြန်အလှန် ကတိပေးရမယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ လက်တွေ့ကျဖို့ လိုပါတယ်။ လက်တွေ့မှာ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို အဓိက ကျနော်တို့က အခြေအနေကြည့်ရဦးမှာပါ။
မေး။     ။ အစိုးရ ငြိမ်းကော်မတီက ဒီနှစ် မကုန်ခင်မှာ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) နဲ့ တွေ့ဖြစ်အောင် တွေ့မယ်လို့လည်း ပြောထားပြန်တယ်။ တကယ်လို့ UNFC နဲ့ ငြိမ်းကော်မတီ တွေ့တဲ့အခါ KIO ကရော ပါဝင်ဖို့ ရှိလား။
ဖြေ။     ။ KIO ကတော့ UNFC ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့အတွက် UNFC ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ ပါသင့်ရင် ပါမယ်။ UNFC ကနေပြီးတော့ ပါစရာမလိုဘူးလို့ ပြောရင် KIO က ပါဖို့ အကြောင်းမရှိဘူး။ ဒါကတော့ UNFC ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာပါ။     ။
21 Responses
Leave a Reply
  1. တိုင်းရင်းသားတွေအတူတူနေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်…ဆိုတာဘာကိုဆိုလိုချင်တာလဲ အခုကောနေလို့မရလို့လား…၂၀၀၈ ဥပဒေဆွဲလိုက်တာနှစ်ပေါင်း(၁၅)လောက်ကြာသွား ပါတယ်။ အခုတခါ ဘာဥပဒေထပ်ဆွဲချင်သေးလို့လဲ…။ အခုသွားနေတာဒီမိုကရေစီသွားနေ တာလေ။ နောက်ပြန်မလှည့်ခိုင်းကြပါနဲ့တော့။ ခင်များတို့ဆွေးနွေးပွဲတွေဘယ်တော့ပြီးမှာလဲ ကချင်ပြည်နယ်ကလူတွေ ငတ်တဲ့လူငတ်၊ ပြတ်တဲ့သူပြတ်၊ ကလေးတွေလဲကျောင်းမတက်နိုင် ကြည့်လုပ်ပါဦး…ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ရယ်။ ဆွေးနွေးပွဲလုပ်တော့လဲ စုံစုံလင်လင်မတက်ကြဘူး။ ဒီလိုလုပ်ကြပါလား …ဆွေးနွေးပွဲမှာ နှစ်ဘက်ခေါင်းဆောင်တွေ အားလုံး ၀ိုင်းထိုင်ဆွေးနွေးကြပြီး အားလုံးကို မိုင်းထောင်ဖောက်ခွဲပစ်လိုက်ကြ…ဒါဆို အားလုံးငြိမ်းချမ်းသွားပြီ။ ဘာနိုင်ငံရေးဆွေးနွေးပွဲလဲ အချိန်မကြာကြာအောင်လုပ်နေကြတယ်။ ပြည်သူတွေရဲ့ ဘ၀ကို သနားကြပါအုန်းခင်ဗျာ….။
    • ဘုရင်..ပြောတာကိုပြန်ကောက်ခြင်းဖြစ်တယ်.. (တိုင်းရင်းသားတွေအတူတူနေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်…ဆိုတာဘာကိုဆိုလိုချင်တာလဲ အခုကောနေလို့မရလို့လား)..တဲ့.. အထက်လူကြီးချကျွေးတဲ့ တစ်ပြား တစ်ကျပ်တည်းနဲ့ ကျေနပ်နေသူမဟုတ်တော့ ၂၀၀၈ စာအုပ်ထဲမှာ ငါတော့မနေနိုင်ဘူး… ကျွေးသလောက်စားနေရင်တော့ ကျေနပ်စရာဖြစ်ပါလိမ့်မယ်..ဒါပေမယ့် ကိုယ့်ခြံ၊ ကိုယ့်ဝင်း နဲ့ ကိုယ်တိုင်စီမံခန့်ခွဲ၊ အုပ်ချုပ်ချင်တယ်.. ခင်ဗျား(ဘုရင်)အဆို..(၁၅)နှစ်ကြာအောင်ရေးဆွဲထားတဲ့ ၂၀၀၈ စာအုပ်ထဲမှာ အဲဒါတွေမပါပါဘူး.. အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံ လူတန်းစား ၂-မျိုးဘဲပါတယ်.. ဘယ်သူ့ရဲ့လောင်းရိပ်အောက်မှာမှ မနေချင်တော့ပါ.. တိုင်းရင်းသားတွေအတူတူနေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်..ဆိုတာ.. နောက်ပြန်လှည့်ဖို့ပြောတာ ဟုတ်မယ် မထင်ပါဘူး.. ၂၀၀၈ ကို ပိုပြည့်အောင် ပြင်ဆင်ဖြည့်စွက်ဖို့ပြောတာပါ.. သူငယ်ချင်းအချင်း ချင်းတောင်မှ ခင်ဗျားကို တန်းတူမဆက်ဆံရင် ခင်ဗျားဘယ်လိုခံစားရမလဲ.. တန်းတူအခွင့်အရေးရနေပြီလို့ ယူဆပါသလား.. ရတယ်ဆိုရင် ဘယ်အပိုင်းမှာ တန်းတူရနေပြီလဲ၊ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပြီပြောတယ်နော်.. အဲဒီ ဒီမိုကရေစီဟာ လူမျိုးတစ်တည်းရဲ့အောက်မှာ တည်ဆောက်ထားတဲ့စနစ်၊ ကျန်လူမျိုးစုအားလုံးဟာ အဲဒီစနစ်ထဲကိုဝင်ရမှာ၊ ကိုယ်ဘယ်လောက်ဘဲတော်နေတော်နေ အဲသည် ဒီမိုကရေစီစနစ်ရဲ့အထက်က လူမျိုးတစ်မဖြစ်နိုင်ပါ၊ တကယ်ဖြစ်ရမှာက ဒီမိုကရေစီစနစ် တစ်ခုအောက်မှာ တိုင်းရင်းသားလူမျိုးစုအားလုံး တန်းတူစွာနဲ့ပါဝင်နိုင်အောင်ရေးဆွဲရမှာပါ….
      • စစ်အစိုးရက နိုင်ငံရေးမဆွေးနွေးဘူးအပစ်ရပ်မယ်….ခုတက်လာတဲ့အစိုးရက နိုင်ငံရေးဆွေးနွေးမယ် အပစ်ရပ်လို့ပြောတယ်။ဒီလိုဘဲနားလည်တယ်လေ။
        • ကြားဘူးပါ ဘူးအရူးရယ် ဘီလျံနာ ဘီလ်ကိတ် ဘယ်နှစ်ဘီလျံချမ်းသာလဲ တစ်ဘီလျံ ကို မြန်မာငွေ ဘယ်လောက်ရှိတယ် တွက်ပြပေးပါလား မတွက်တတ်လို့
          လေဖန်းဒန်းစီးတာ သောက်ပေါအလုပ်ပါ ကိုယ့်လူ။ ကျောက်ဈေးကွက်မှ ဈေးရတာ ၂၀၀၈ မှ ၂၀၁၁ အတွင်းမှပါ တိုက်ဆိုင်တယ် ပြောမလား အဲဒီ ၂၀၁၁ မှာပဲ စားခွက်စလုတာပါ။
          အောက်က မယ်တင်မောင် ရေ။
    • This king might be reincarnated Thi Baw who was known as stupid and drunkard. Constitution drafted in 2008 was just to protect the generals from prosecution, not for the people’s liberty. Who drafted 2008 Constitution? Handpicked by Than Shwe. If you read the articles of 2008 Constitution, you will see a whole bunch of craps.
      If this Constitution is a good one, why can’t the government implement PEACE and TRANQUILITY in the Union? Because the Constitution has countless holes in it. I might say that the current Constitution must be replaced with the good one drafted by only genuinely elected Representatives, not by handpicked people. Peace talk after peace talk, Burma is going nowhere. Look at Eastern Europe countries. They were communist countries but when they changed their countries into Democratic Nations, it did not take years. Why are the Burmese junta dragging its feet? Mentality of this idiot who claims himself as “King” is what most of the generals have too. Stumbling block to genuine democracy which we all long for.
  2. ဘုရင်ဆိုသောသူသိစေရန် လွတ်လပ်ရေးရပြီးကတည်းက အုပ်ချုပ်သူလူတန်းစားတွေသာ ကချင်ပြည်နယ်ထွက် သဘာဝ သယံဇာတ တွေကို လက်ဝါးကြီးအုပ်၊ ကချင်လူမျိုးစု ကောင်းစားဖို့ ဘာတွေများဖန်တီးခဲ့သလဲ။ ၁၉၈၀ နှင့် ၁၉၈၇ ၀န်းကျင်မှာ ဖားကန့်မြေကတူး ဖော်ရရှိခဲ့တဲ့ တန် ၄၀ ရှိသည်ကျောက်စိမ်းတုံးကိုအကြောင်းပြုပြီး ဦးနေ၀င်းဟာ နိုင်ငံတကာ သူဌေးဘွဲ့ရခဲ့တာ မင်းမသိဘူးလား။ နောက် စစ်အစိုးရ လက်ထက် တန် ၃၀၀၀ ကျော် ကျောက်စိမ်းကို အကြောင်ပြုပြီး၊ သန်းရွှေမိသားစု ဆွေ ၇ ဆက် မျိုး ၇ ဆက် စားမကုန်၊ ဖြန်းမကုန်ဆိုတာရောမင်းမသိဘူးလား၊ ကချင်ပြည်သူတွေအတွက်ကောင်းတာတွေ ဘာလုပ်ပေးခဲ့သလဲ။ မိုးညှင်းနယ်က ကျွန်းသစ်တောကိုရော ဘယ်သူ လက်ညှိးထိုးပြီး တရုတ်ကို ရောင်းစားခဲ့တာလဲ။ မြန်မာပြည်ရဲ့ အထင်ကရ မန္တျလေးမြို့တော်ကို တရုတ်မြို့ဖြစ်အောင် ဘယ်သူတွေ ဖန်တီးခဲ့တာလဲ။ လူမှုရေး ဦးတည်ချက် ( ၄ )ရပ်ကို ချမှတ်သွားသော မျိုးချစ်သော မြန်မာ့ခေါင်းဆောင်များပင်ဖြစ်ပါတယ်။
    • မင်းတို့ကေအိုင်အေကရောဘာတွေများ ပြည်သူတွေ အတွက်အနစ်နာခံနေလို့လဲ
      နေပါဦး မင်းတို့တွေရွေးကောက်ပွဲမှ မ၀င်ပဲ သမ္မတ ဘယ်ဖြစ်မလဲ နောက်
      ဦး လဂျွန်ငန်ဆိုင် က ကချင်မဟုတ်လို့
      ဗမာလား အဲဒါဆို ခင်ဗျားတို့ပဲ ကချင်ပေါ့
      • ကိုကျော်မိုး ခင်ဗျားက စစ်ဗိုလ်ထင်တယ်။ တိုင်းပြည်ကို တစ်စုတစ်စည်းထဲ လွတ်လပ်ရေး ရအောင် ဘယ်သူက ဘယ်လို လုပ်ခဲ့တာတို့ ဘာတို့ သေချာပြန်လေ့လာပါအုံး။ သခင်အောင်ဆန်း သေနတ်တစ်ချက်မှ မဖောက်ရပဲ ဘယ်လို တိုင်းရင်းသားတွေ ကို စည်းရုံးခဲ့တယ် ဆိုတာကိုလည်း ပြန်လည်လေ့လာပါအုံး။ အင်္ဂလိပ်က ဦးစောလည်း ဗမာပဲ၊ ဆာမြဘူးလည်း ဗမာပဲ၊ အောင်ဆန်းလည်း ဗမာပဲ ဆိုပြီး ဦးစောကို ပဲ နိုင်ငံခေါင်းဆောင် အနေနဲ့လွပ်လပ်ရေး ပေးခဲ့ရင် ခင်ဗျားလက်ခံမှာလာ။ အဓိပါယ်မှ မရှိတာ နိုင်ငံတော် သမ္မတကြီးတောင် အန်တီစုကို အားကိုးနေရတဲ့ အခြေအနေမှာ ….စစ်ဗိုလ်တွေက ထင်ရာစိုင်းနေမယ် ဆိုရင်တော့ တိုင်းပြည်အရေးက မတွေးရဲစရာပါ။ ခင်ဗျား တိုင်ဝမ်ပြည် မြေပုံကိုကြည့်လိုက်ပါ။ တိုင်ဝမ်တွေ ကချင်ပြည်နယ်နှင့် ပက်သက်လျှင် ဘယ်လို သဘောထားလဲဆိုတာကို သိရအောင်ပါ။ ကုလားတောင် သမ္မတက တိုင်းရင်းသား မဟုတ်ပဲ မှတ်ပုံတင်ပေးနေရတာ ပြည်တွင်းမှာ နဂိုရှိပြီး တိုင်းရင်းသားတွေကို တော့ချမယ် ဆိုတော့ ကောင်းကော။ သခင်အောင်ဆန်းကို စော်ကားတဲ့နေရာမှာ။ ကချင်တွေက သမ္မတ မဖြစ်ချင်ပါ။ သူတို့ဘာမှ မပြောပါ။ ၁၉၆၂ ခုနှစ်တွင် ဆမားဒူးဝါး သမ္မတ တာဝန်လွှဲပြောင်းယူရန် ရထားဖြင့် ရန်ကုန် ဆင်းလာစဉ် တပ်မတော်မှ အာဏာသိမ်းခံရခြင်းဖြစ်ပါသည်။ သို့သော် ကချင် များ ယခု ထက်ထိ ထိုကိစ္စကို မပြောပါ။ မြန်မာပြည်တွင် သမ္မတရာထူး ကို အချောင်လုပ်ချင်သူများ သည် … အဖွဲ့အစည်းမှ အရာရှိများနှင့် အရာရှိဟောင်းများဖြစ်ကြပါသည်။
  3. တိုင်းရင်းသာ ပေါင်းစုံ နေထိုင်နိုင်သော ဥပဒေတစ်ခု ရှိပြီးဖြစ်ပါသည်။ မြန်မာပြည် အာဏာရှင်စနစ် သို့ ပြန်မသွားရန် သာ အရေးကြီးပါသည်။
    (၁) ပူတာအို လမ်းကို ဖွင့်ပေးရန် လိုအပ်ပါသည်။ ပူတာအို ဒေသတွင် နေထိုင်သော ဒေသခံများသည် ဦးနေဝင်းနှင့် ရင်းနှီးသည် ဆိုသော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု များတွင်ပါဝင်ခဲ့ပြီး နဝတ အစိုးရ၏ ဖိနှိပ်ခံ များဖြစ်ခဲ့ရသည်။ နဝတက လဝမ် တိုင်းရင်းသားများကို နှိပ်ကွပ်ရန် ပူတာအိုတွင် အခြေချ စစ်ဗျူဟာ တစ်ခု ကိုဖွင့် ခဲ့သဖြင့် ကောင်းမှုလုံချိုင့် ဝှမ်းမှ လယ်မြေများ ကို စစ်တပ်က ဝင်ရောက်လုပ် ကိုင်သဖြင့် ဒေသခံများ ငတ်နေခြင်း ဖြစ်သည်။ ပူတာအို ဒေသမှ တိုင်းရင်းသားများ အတွက် ပူတာအို မြစ်ကြီးနားလမ်းကို ပြန် လည်ဖွင့် ပေးပါလို့ တောင်းဆိုပါရစေ။
    (၂) တပ်မတော် သည် ကချင်ပြည်နယ် စစ်ဆင်ရေး အတွက် အမေရိကန်ပြည်ထောင်စု မှ ၁၉၈၈ မတိုင်ခင် ဘိန်းစစ်ဆင်ရေး အတွက် ထောက်ပံ့ထားသော ၁၂၀ မမ နှင့် အခြား အမြှောက်များကို အသုံးပြုကာ တိုက်ခိုက်နေကြောင်းတွေ့ရှိရပါသည်။ KIA ၏ အကြီးဆုံး လက်နက်သည် ၄၀မမ သာ ဖြစ်ပြီး တပ်မတော်နှင့် မယှဉ်ပြိုင်နိုင်ပါ။ KIA ၏ လက်နက်ငယ်များသည် လည်း ကချင်တော်လှန်ရေး သက်တမ်း နှင့် သက်တူရွယ်တူဖြစ်နေပါသည်။ တရုတ်နည်းပညာ သစ်သုံးဗမာ့ တပ်မတော် လက်နက်ငယ်များ နှင့် ယှဉ် နိုင်မည်မဟုတ်ပါ။ ထိုအကြာင်းများကြောင့်KIA သည် ဗမာ့ တပ်မတော် ကို ရေရှည်တွင် ယှဉ်ပြိုင် စစ်တိုက်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကချင်တပ်သား သေပျောက်မှု နည်းစေရန် အပစ်အခတ်ရပ်ဆဲရန် ကြိုးစားသင့်ပါသည်။
    (၃)တရုတ်ပြည်နှင့် လက်ရှိ မြန်မာ အစိုးရ တို့ဆက်ဆံရေး မပြေလည်သော်လည်း တရုတ်တို့က KIA ကိုပြောင်းလဲ ထောက်ပံ့လိမ့်မည်မဟုတ်ပါ။ ဦးနုအစိုးရ လက်ထက်တွင် တရုတ်ပြည်တွင် အရင်ဆုံး လက်နက်သွားတောင်းသူက ကချင်မှ ကိုနော်ဆိုင်းပင်ဖြစ်ပါသည်။ သို့သော် ဦးနေဝင်းလက်ထက် တရုတ်-မြန်မာ ဆက်ဆံရေး မကောင်းသော အခါ တရုတ်တို့ ထောက်ပံ့ခဲ့သည်မှာ KIA မဟုတ်ပဲ BCP ဖြစ်ခဲ့သည်ကို သမိုင်းကြောင်းက သင်ခန်းစာယူ တက်စေရန် တိုက်တွန်းပါရစေ။ NLD ပါတီ ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့သွားချင်ကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်တိုင်းပြောတတ်သည်ကို သတိပြုရန်လိုပါသည်။ သခင်အောင်ဆန်းမှ တရုတ်ပြည်မော်စီတုံထံ စာရေးသား ဆက်သွယ်ရာတွင် တရုတ်ပြည်လက်ရှိဒုသမ္မတ ရှီကျင့်ဖင်၏ ဖခင် ရှိကျုံးရွှင်မှ ဖတ်ကြားရလေ့ရှိကြောင်း သမိုင်းကြောင်းအရသိရှိရပါသည်။ ထိုအကြောင်းများကြောင့် တရုတ်ပြည်နောင်အချိန်တွင် မြန်မာပြည်မှ မည်သူကို အဖော်လုပ်မည်ကို မှန်းဆရန် ခက်ခဲနေဆဲဖြစ်ပါသည်။ ထိုအကြောင်းများကြောင့် တရုတ်ပြည်၏ အကူအညီကို မမျှော်မှန်းပဲ အပစ်အခတ် ရပ်ဆဲရေးကို တောင်းဆိုပါရစေ။
    (၄) ယခင်အစိုးရ ကိုသန်းရွှေသည် တိုက်တိုင်းရှူံးသော တပ်မှူးတစ်ယေက် ဖြစ်ပါသည်။ တပ်မတော်အတွင်းမှ တိုက်ရည်ခိုက်ရည်ကောင်းသော တပ်မှူးများ ပြောင်လှောင်မည်ကို စိုးရိမ်၍ DSA ပိတ်ချီး ကိုမောင်အေး ကို ရာထူးပေးခဲ့ကာ တိုက်ရည်ခိုက်ရည်ကောင်းသော လူများကို by force ဖြင့် အရပ်ဖက် ပို့ခဲ့ပါသည်။ ထိုအကျိုးဆက်ကြောင့် တပ်မတော်တွင် တိုက်ရည်ခိုက်ရည် မကောင်းသော အရာရှိများ သာကျန်ခဲ့ပါသည်။ ထိုကြောင့် KIA ဆက်လက် တိုက်ပွဲဝင်နိုင်ခြင်းဖြစ်ပါသည်။ ၁၉၈၈ မတိုင်မှီက ဦးနေဝင်းသည် KIA ကို တစ်နှစ်မှ တစ်ခါသာ တိုက်ပါသည်။ တိုက်တိုင်း KIA တို့ ရှူံးသည်ကို လည်း မမေ့လျှော့ရန်လိုအပ်ပါသည်။
    အထက်ပါ အကြောင်းများ အရ KIA အနေဖြင့် အပစ်အခတ် ရပ်ဆဲရေးကို ပိုမို အားထုတ်ပါရန်လေးစားစွာ တိုက်တွန်းအပ်ပါသည်။
  4. ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ သွေးနားထင်မရောက်သင့်ပါ ။ သမ္မတအထူးကိုယ်စားလှယ် ဝန်ကြီးဦးအောင်မင်း (ဦးအောင်သောင်းမဟုတ်ပါ) လာမည်ကိုသိလျက်နဲ့ လူကြီးလူကောင်းပီသစွာ စားပွဲဝိုင်းထိုင်ဆွေးနွေးသင့်ပါသည် ။ သဘေတူညီချက်ရခြင်း ၊ မရခြင်းသည် ဆွေးနွေးကြမည့်သူများ ထို့ထက်တဆင့်တက်ပြောရလျှင် ခေါင်းဆောင်၏ အရည်အချင်းပေါ်တွင်တည်မှီပါသည် ။ အခြေအနေကိုကြည့်ရသည်မှာ ကချင်ဖက်က အစိုးရကိုယ်စားလှယ်များကို ဦးချိုးနေသည့်ပုံပေါ်နေသည် ။ ယခုထက်ပိုမိုဆိုးရွားခဲ့ဘူးသည့် ကမ္ဘာ့အရှုတ်တော်ပုံများပင် စားပွဲဝိုင်းများပေါ်တွင် အဖြေရှာတွေ့ခဲ့ကြသည် ။ ဗိုလ်ချုပ်ဂွမ်မော် ခေါင်းဆောင်ကောင်းပီသစေချင်သည် ။
  5. စိုင်းမူဆယ်
    ကိုတင်မောင်လွင်နှင့်pps12345ရေးပြခဲ့သောတင်ပြခဲ့သော သမိုင်းအထောက်အထားနှင့်အချက်အလက်များကို အားရကျေနပ်မိတယ် တကယ်တော့အရင်စစ်အစိုးရနှင့်ယခုဘောင်းဘီချွတ်အစိုးရတွေဟာသူတို့လက်တစ်ဆုပ်စာ အတွက်သာကြည့်တဲ့အစိုးရတွေပါ တိုင်းရင်းသားအတွက်မပြောနဲ့ဗမာအချင်းချင်းတောင်မပေးချင်တဲ့ဟာတွေ ကုန်ကုန်ပြောရရင်သူတို့အောက်လက်ငယ်သားတွေဖြစ်တဲ့ စစ်သားတွေတောင်တဝမ်းတခါးလှအောင်မဝတ်နိုင်မစားနိုင်ကြဘူး အဲ့တော့ကိုဘုရင်ရေအကို့ကိုကြည့်ရတာသူတို့ဆီက နှစ်ပဲတစ်ပြားကောင်းကြိုးရထားတာနဲ့တူတယ် ကိုဘုရင်ကောင်းကောင်းလေလာပြီးမှဝေဖန်စီစစ်နော် ဘုမသိဘမသိနဲ့ရမ်းထောက်ခံမနေနဲ့ အရှက်တကွဲအကျိုးနည်းနေအုံးမယ်
  6. အမှန်တကယ် ငြိမ်းချမ်းရေး ရလိုပါက ဦးဆောင်သူများ ရိုးသားဖို့ လိုပါသည်။
    တစ်ဦးနှင့်တစ်ဦး အပြစ်တင်ဝေဖန်နေရုံဖြင့် ဘာမှထူးမလာနိုင်ပါ။ ကျွဲနှစ်ကောင်ကြားကမြေဇာပင်မှာ ပြည်သူလူထုနှင့် ခင်ဗျားတို့ တွေ အမိန့် ပေးတိုင်း လိုက်လုပ်နေ ရတဲ့လက်အောက်တပ်သားတွေ ပါ။
    စားပွဲမှာအငြိမ့်သားထိုင်ပြီး ငါအမှန်လုပ်မနေပါနဲ့ ။
    Media များလည်းဘက်လိုက်ခြင်း/နှာစေးခြင်းကင်းကင်းဖြင့်ပြည်သူလူထုကို အဖြစ်မှန်များတင်ပြဖို့ လိုပါသည်။
    ယခုပွဲ ဘာကြောင့်ပျက်သွားသည်ကို ဝေဖန်တင်ပြသင့်ပါသည်။
    ပြည်သူတို့ မှသေနတ်သံနှင့် သွေးထွက်သံယို ဖြစ်မူများမမြင်တွေ့ လိုတော့ပါ။
    ပြည်သူ့ လိုအပ်ချက် ကိုမျက်ကွယ်ပြုရဲတာ အာဏာရှင်ပါပဲ။
    • Shwe Joe Phyu is right. Honesty is nowhere near to be found. This is the problem. Some generals took off their uniforms and put on their Burmese traditional costumes. Their outfits have been changed but their crookedness and their deceitfulness are still remaining in their hearts. Lie after lie, and cheat after cheat. If they do not have love for their own Burmans, how can they love we the ethnic peoples? Illegal land-seizures happen to their own blood. It proves that this government will not do good to the ethnic peoples.
    • Prince Shwe Joe Phyu,
      I hope you do not forget what happened in your previous life. Your life was sought by the British military after your brother Thi Baw was captured in 1885 by the British military and sent him to India. You fled into Chinland and your life was successfully protected by Chief Con Bik. Please do not forget that you were granted political Asylum by Chief Con Bik. The ethnic people did really well to us. You and I need to stand up for them when Burmese military junta has been so cruel to our brothers and sisters, ethnics.
  7. ပေါက်စ
    တိုင်းရင်းသာ ပေါင်းစုံ နေထိုင်နိုင်သော ဥပဒေတစ်ခု ရှိပြီးဖြစ်ပါသည် ဆိုသည်မှာ မသာကိုမိတ်
    ကပ်ဖို့ထားသောဥပဒေဖြစ်ပါသည်။ လူပိန်းတောင်တွေးနိုင်ပါသည်။ လူမျိုးခြင်းတူတဲ့လူတောင်
    အခြေခံဥပဒေကိုပြင်ဖို့ကြိုးစားနေသည်မှာတိုင်းရင်းသားဆိုလျှင်ပိုတောင်ပြင်ဖို့ကြိုးစားမည်မှာ
    သေခြာပါသည်။ အရင်ခေတ်က တပ်တွင်တိုက်ရည်ခိုက်ရည်ရှိသည့်တိုင်းရင်းသားပေါင်းစုံရှိကြပါသည်။
    ကချင်လူမျိုးအပါအ၀င်အခြားတိုင်းရင်းသားပေါင်းစုံအရာရှိအရာခံအကြပ်တပ်သားအစုံစစ်ဆင်ရေးတွင်ပူးပေါင်းဆင်နွှဲကြပါသည်။ လူမျိုးတူသော်ငြားလည်း မိမိပါဝင်သည့်တပ်မတော်ဘက်မှ သစ္စာရှိစွာရဲရဲဝင့်ဝင့်အမိန့်ကိုနာခံပြီးတိုက်ခိုက်ခဲ့ကြပါသည်။ယနေ့ခေတ်တွင်သန်းရွှေပေါ်လစီကြောင့်အခြေ
    အနေပြောင်းပြန်ဖြစ်သွားပြီဖြစ်သည်။ ယနေ့အချိန်တွင်လည်းတိုက်ရည်ခိုက်ရည်ရှိသည့်အရာရှိတပ်မတော်တွင်
    မြောက်မြားစွာရှိပါသည်။ သို့သော် စိတ်ဓတ်များအရင်ခေတ်ကနှင့်မတူပါ။ တကယ်တိုက်ရမည့်တပ်သားလေးများမှာ ငကန်း၊ငစွေ နဲ့ ကလေးစစ်သားများဖြစ်ပါသည်။ ကျွန်တော်လည်းစစ်ကိုမလိုလားပါ။ စစ်ကြောင့်တိုင်းပြည်မတိုးတက်သည်မှာလူတိုင်းအသိပင်ဖြစ်ပါသည်။ ပိုစိုးသည်မှာ စစ်ဖြစ်နေသောဒေသမှာပြည်သူများပင်ဖြစ်ပါသည်။ မြေပြန့်မှလူများမှာဒူးနန့်ပြီးနေလို့ရပါသည်။ ဘယ်အဖွဲ့အစည်းမှ ကိုယ့်လူမျိုးဒုက္ခရောက်နေသည်ကိုကြည့်ခြင်မည်မဟုတ်ပါ။ သို့သော်ငြားလည်း အနာဂတ်ကောင်းဖိုအတွက်တော့ ရင်းသင့်တာရင်းရမည်မှာအမှန်ပင်ဖြစ်ပါသည်။ ဦးသိန်းစိန်လက်ထက်မှာ တိုင်းရင်းသားအရေးကို ကမ္ဘာကထင်ထင်ရှားရှားသိအောင်လုပ်နိုင်သည်မှာ ကျွန်တော်အမြင်
    KIO လို့ထင်မိပါသည်။ ပြည်သူများ နောက်ပြန်ဆုတ်မည်ကိုမစိုးရိမ်သင့်ပါ။ နောက်ပြန်ဆုတ်
    လျှင်အကျနာမည်မှာ ပြည်သူမဟုတ်ပါ။ ဦးသန်းရွှေနဲ့ တပည့်တပန်းတွေဖြစ်ပါသည်။ ဦးနေ၀င်း၊ ဗိုလ်ချုပ်စောမောင်တို့လို သမိုင်းဘီးတပတ်ပြန်လည်မှာဖြစ်တယ်။ဗိုလ်ချုပ်မင်းအောင်လှိုင်ငအမဟုတ်ပါ။ သူ့မပြနိုင်လျှင်သူ့ ဂျူနီယာများဦးနေ၀င်း၊ ဗိုလ်ချုပ်စောမောင်တို့ကိုလုပ်သလိုလက်စွမ်းပြပေးပါလိမ့်မည်။ ပြည်သူတွေအဖို့ကတော့ သန်းခေါင်ထက်ညဉ့် မနက်နိုင်တော့ပါဘူး။ တောင်းဆိုသင့်သည်များကိုရဲရဲဝင့်ဝင့်တောင်းဆိုတိုက်ပွဲဝင်သင့်ပါသည်။ မည်သည့်ပညာရှင် နိုင်ငံရေးသမားမှအနာဂတ်ကိုမသိပါ။ လုပ်သင့်လုပ်ထိုက်တာလုပ်သင့်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်များလည်းနားလည်သင့်သည်မှာ သာမာန်ပြည်သူမဟုတ်သည့်
    လွှတ်တော်အမတ်ပင်လျှင် စစ်သားအမတ်၏စကားကိုယုံပြီး သတင်းဌာနသို့ပြောသည်ကို
    တွေရသည်မှာ သာမာန်ပြည်သူဆိုလျှင်ကြာလျှင်အစိုးရ အာဘော်မိသွားမည်မှာသေချာပင်ဖြစ်ပါသည်။ တိုင်းရင်းသားများအတွက်အချိန်မရှိတော့ပါ။
    ဗိုလ်ထီးရဲ့ သီချင်းထဲကလို လုပ်စရာရှိတာပြီးအောင်မြန်မြန်လုပ်ကြပါ။ UNFC သိပ်မတွေးနဲ့ သိပ်မငှေးနဲ့၊ အချိန်ကုန်တယ်.လေကုန်တယ်။ ကြံ့ဖွတ်အခက် UNFC အချက်ဆိုပြီးလုပ်ကြပါ။
    • Yes. Absolutely right. This law is not good enough to build the Union of Burma. It is not good enough for all of us. Not good enough for the Myanmars, and it is not good enough for the ethnics. What we all want is to have is genuine democracy. To end all conflicts, we need the Constitution drafted by the people’s representatives, not handpicked by a group of people or a man like Than Shwe.
  8. မြန်မာလွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်ဆန့်ကျင်မှုများဟာ ယနေ့အချိန်မှာ လုံးဝနိဂုံးချုပ်သင့်နေပါပြီ။ နှစ်ပေါင်းငါးဆယ်ကျော်ကြာခဲ့ပြီပေါ့ဗျာ။ တကယ်တော့ ၄၇အခြေခံဥပဒေကို အကောင်အထည်ဖော်တဲ့ အစိုးရများကလည်း အားနည်းခဲ့ပါတယ်။ နောက်ပြီး တက်လာတဲ့ စစ်အာဏာရှင်ကလည်း ပုံစံမပြောင်းဘဲ သက်ဆိုးရှည်ခဲ့တဲ့အတွက် တိုင်းပြည်အတွက် ပိုနစ်နာခဲ့တာပါ။ ခံနေရတာက တိုင်းရင်းသားနယ်မြေတွေတင်မကဘဲ တိုင်းပြည်တစ်ခုလုံးမှာပါ။ တကယ်တော့ ၂၀၀၈အခြေခံဥပဒေဟာ လုံးဝကို ခက်ခဲအောင် စစ်အာဏာရှင်သက်ဆိုးရှည်အောင် လုပ်ထားတဲ့ ဥပဒေပဲဖြစ်ပါတယ်။ အဲဒီဥပဒေကြီး ဖြစ်ပေါ်လာဖို့ စုဝေးဆွေးနွေးခဲ့တော့လည်း အားလုံးရဲ့ အကြံဥာဏ်ကို မယူဘဲ တစ်ဖက်သက် ဖြစ်ချင်တာကို စစ်အစိုးရအလိုကျ လုပ်ခဲ့တာပါ။ ဆွေးနွေးပွဲတစ်လျောက်လုံးပါခဲ့တဲ့ ဦးသိန်းစိန်အသိဆုံးဖြစ်ပါတယ်။ ကြိုတင်ကန့်သတ်ချက်မထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ကျင်းပရပါတယ်။ အားလုံးရဲ့ အမြင်တွေနဲ့ ပေါင်းစပ်ပြီး အခြေခံဥပဒေကို အများလက်ခံနိုင်တဲ့အထိ ပြင်ဆင်ရပါတယ်။ အခြေခံဥပဒေဆိုတာ ပြင်လို့ မရစကောင်းတဲ့ အရာမှ မဟုတ်တာဗျာ။ ပြင်လို့မရအောင်လုပ်ထားတာကသာ ပြဿနာဖြစ်ပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီစနစ်မှာ နိုင်ငံတပ်မတော်ရဲ့ အသွင်သစ်ကိုလည်း ပြင်ဖို့လိုတယ်ဗျာ။ စစ်မှုထမ်းပုံစနစ်၊ ပါဝင်ရမည့် အသက်တွေကစလို့ပေါ့ဗျာ။ တကယ်တော့ တပ်မတော်ဆိုတာ အာဏာရှင်ကြီးတွေရဲ့ လက်ကိုင်တုတ်ပဲဖြစ်နေတာ တော်တော်ကြာနေပြီဗျ။ နိုင်ငံသားတိုင်းကို စစ်မှုထမ်းဆောင်ခွင့်ပေးရပါမယ့်။ စစ်မှုထမ်းဘူးမှလည်း ပြည်ပရန်ဖြစ်လာခဲ့ရင် တိုင်းပြည်ကို ဘယ်လိုကာကွယ်ရမယ်ဆိုတာ သိလာမှာလေ။ ကျုပ် စစ်မှုထမ်းအငြိမ်းစားဗမာတစ်ယောက်ပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့တော့ မသိဘူး။ ကျူပ်ဆိုရင်တော့ လက်ရှိဖွဲ့စည်းပုံနဲ့ ဘယ်နည်းနဲ့မှ လက်နက်စွန့်ဖို့မဖြစ်နိုင်ဘူးလို့ပဲမြင်ပါတယ်။ တပ်မတော်အနေနဲ့ ၀န်ထမ်းအဖွဲ့အစည်းပုံစံပီပြင်သွားမှသာ ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လုံးဝလက်နက်စွန့်လွှတ်သင့်ပါသည်။
  9. မောင်မောင်မင်း
    တကယ်တော့ဗျာ..စစ်ဖြစ်တာဘယ်သူ့အတွက်မှမကောင်းပါဘူး။KIA စစ်သားလည်းအလကားနေရင်းမတိုက်ချင်သလို၊အစိုးရစစ်သားကလည်းဖြစ်နိုင်ရင်စစ်မတိုက်ချင်ကြဘူးလို့ထင်ပါတယ်။ခေါင်းဆောင်ပိုင်းတွေရဲ့မောဟပြိုင်ပွဲမှာငယ်သားတွေကသေပေးကြရ၊ဒဏ်ရာရပေးကြရတာပါ။
    ဒီကနေ့သဘောတူညီချက်ရလို့ထမင်းစားပွဲမှာခေါင်းဆောင်တွေပျော်တပြုံးပြုံးနဲ့အရက်ခွက်ချင်းတိုက်ကြတဲ့အချိန်ရောက်ရင်စောစောပိုင်းတိုက်ပွဲတွေမှာသေထား၊ပြတ်ထား၊ကန်းထားကြတဲ့နှစ်ဘက်အောက်ခြေစစ်သားတွေကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာပဲ။နှစ်ဘက်စစ်သား
    တွေဟာလည်းလူသားတွေပါပဲ။သူ့တန်ဖိုးနဲ့သူပါပဲ။လက်အောက်မို့တန်ဖိးထားစရာမလိုဘူးလို့ထင်နေကြရင်
    မှားသွားပါလိမ့်မယ်။ဒေသခံတိုင်းရင်းသားတွေ၊တစ်နိုင်ငံလုံးကပြည်သူတွေအုံးအုံးကျွက်ကျွက်တောင်းဆိုနေကြတဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးဖို့၊အပြစ်မဲ့တဲ့ကလေးငယ်တွေ၊တိုင်းပြည်ရဲ့အနာဂတ်တွေအတွက်စဉ်းစားပေးကြပါဦး။ခင်များတို့ကနောက်ထပ်ဘယ်နှနှစ်လောက်လူ့လောကမှာနေရဦးမယ်လို့မှန်းထားကြလို့လဲ။ခင်များတို့ရဲ့အမှားတွေ၊လောဘတွေ၊ဒေါသတွေ၊မောဟတွေအတွက် နောက်လာမယ့်သမိုင်းစာအုပ်ထဲမှာခင်များတို့ရဲ့မဟာဆွေစဉ်မျိုးဆက်မြန်မာပြည်ရှိနေသရွေ့ဟစ်တလာလို၊လူတကာတံတွေးထွေးခံပေဦးတော့၊ဒါဟိုလူကြီးရဲ့သားလေ၊မြေးလေ၊မြစ်လေ၊ဆိုပြီးဆွေစဉ်မျိုးဆက်အပယ်ခံကြပေဦးတော့။လောကမှာဘယ်အရာကများအမြဲမှန်နေလို့လဲ။ငါ့လက်ထက်မှာစစ်ပွဲဘယ်နှစ်ပွဲတိုက်ခဲ့တယ်ဆိုပြီးဂုဏ်ယူနေချင်ရင်တော့ခင်များတို့အမိန့်ကြောင့်မတတ်သာလို့တိုက်ခိုက်ရင်းသေသွားကြတဲ့နှစ်ဘက်စစ်သားတွေ၊အပြစ်မဲ့ပြည်သူတွေရဲ့
    မလုပ်ကြပါနဲ့။နှစ်ဘက်ရဲဘော်တွေရဲ့မိသားစုတွေ၊သားသမီးတွေကနှစ်နဲ့ချီဝေးနေရတဲ့သူတို့အဖေတွေကိုမျော်လှပြီ။အမြန်သာငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးကြပါတော့ဗျာ……။
  10. we stand for kia…keep going by your decision…….