ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော | ဧရာဝတီ
သတင်း

ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Hits:1
  | |

နယူးဒေလီမြို့တွင် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဧရာဝတီ)

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှု၊ တရားမျှတမှုရှိရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်း အိန္ဒိယရောက် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

“မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်လား၊ မရောက်လား အဖြေသိချင်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒရှိလား၊ မရှိလား ဆိုတာအပေါ်မှာ မူတည်ပါတယ်။ အခြေခံ ဥပဒေကို မပြင်ပဲလုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တယ်၊ တရားမျှတတယ်လို့  ပြောလို့မရဘူး၊ လွတ်လပ်ချင် လွတ်လပ်မယ်၊ ဒါပေမယ့် တရားမျှတမှာမဟုတ်ဘူး” ဟု နယူးဒေလီမြို့တွင် ယမန်နေ့က အိန္ဒိယရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အတူ ပြည်ထောင်စုစနစ် ဖြစ်ထွန်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးအတွက် ပင်လုံညီလာခံကဲ့သို့ ညီလာခံမျိုး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကျင်းပရန် လိုအပ်ကြောင်းလည်း ပြောဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ သူ့အနေဖြင့် ပြည်ပရောက်မြန်မာများ လွတ်လပ်အေးချမ်းစွာ ပြည်တော်ပြန်နိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “အကြောင်းကြောင်းကြောင့် မိဘအိမ်ကနေ ဘယ်လို ခွာသွားခွာသွား ပြန်လာချင်တဲ့အချိန် ပြန်လာနိုင်အောင် တခါးဖွင့်ထားတဲ့ ပြည်ထောင်စုမျိုး ဖြစ်ဖို့လိုတယ်။ မိဘအိမ်ကနေ ဘယ်လိုအကြောင်းကြောင့်ပဲ ထွက်သွားသည်ဖြစ်စေ ပြန်လာတဲ့အခါ အချိန်မရွေး ပြန်လာနိုင်တာမျိုး၊ အချိန်မရွေး ကိုယ့်နိုင်ငံကို လုံလုံခြုံခြုံ အေးအေးဆေးဆေးနဲ့ လွတ်လွတ်လပ်လပ် ပြန်ချင်တဲ့အခါ ပြန်နိုင်အောင် ကြိုးစားပြီးတော့ လုပ်သွားပါမယ်။ ဒီအတွက်လည်း အကူအညီတွေ လိုပါတယ်။ ဒါဟာ တဦးတယောက် အဖွဲ့အစည်းတခုတည်းကနေ လုပ်နေလို့ ရတာ မဟုတ်ဘဲ အားလုံးက ၀ိုင်းဝန်းကူညီလုပ်မှ အောင်မြင်မှာပါ” ဟု ပြောသည်။

ထို့အတူ မြန်မာ့နိုင်ငံရေးလောကတွင် ပါဝင်သူအချင်းချင်း စစ်မှန်သော မိတ်ဆွေသူငယ်ချင်းကဲ့သို့ နိုင်ငံ့အရေး၊ ပြည်သူ့အရေးအတွက် ကြိုးပမ်းကြရန် မျှော်လင့်ကြောင်း ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာကျောင်းသားများ ပညာရေးအတွက် နိုင်ငံတကာမှ သူ့ကိုပေးသည့် ဆုငွေများနှင့် ရန်ပုံငွေမတည်ပြီး တည်ထောင်ထားသည့် Prospect Burma ကျောင်းသို့လည်း သွားရောက်ခဲ့ပြီး ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံရာတွင် ပညာကိုကြိုးစားသင်ယူရန်၊ အချင်းချင်း လေးစားချစ်ခင်စွာဖြင့် ဖေးမကူညီကြရန် ပြောကြားခဲ့သည်။

အဆိုပါကျောင်းမှာ မြန်မာဒုက္ခသည် အများစုနေထိုင်ရာ ဒေလီမြို့တော် အနောက်ခြမ်းတွင် တည်ရှိပြီး မြန်မာဒုက္ခသည် လူငယ်များကို အင်္ဂလိပ်စာနှင့် ကွန်ပြူတာပညာများ အခမဲ့ သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး သိပ္ဗံဘာသာရပ် ပညာဆည်းပူးခဲ့ဖူးသည့် လေဒီရှရီယမ် အမျိုးသမီးကောလိပ်သို့ သွားရောက်ကာ ကျောင်းသူများ၊ ဆရာမများနှင့် တွေ့ဆုံခဲ့သေးသည်။

လေဒီရှရီရမ် ကောလိပ်ကို ပြန်လာရခြင်းသည် မိမိအိမ်သို့ ပြန်လာရသကဲ့သို့ ခံစားရကြောင်း၊ မိမိကိုယ်ကို အိန္ဒိယ နိုင်ငံသူ တယောက်အဖြစ် ခံစားရကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကာလနှင့် ရှေ့ဆက်ရမည့် အနာဂတ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီကို လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လေဒီရှရီရမ် ကောလိပ် ဥက္ကဌ မစ္စတာ အေရွန်ဘာရတ်ရမ်၊ ကျောင်းအုပ်ကြီး မီနာခ်ရှီဂိုပီနားတို့ အပါအ၀င် အိန္ဒိယ လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန၀န်ကြီး ရှရီတာရူးတို့လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညနေပိုင်းတွင် အိန္ဒိယတောင်ပိုင်းရှိ နည်းပညာမြို့ဟု တင်စားခေါ်ဝေါ်ကြသည့် ဘန်ဂလောမြို့သို့ သွားရောက်ကာ အိန္ဒိယ၏ နည်းပညာရပ်ဆိုင်ရာများကို သွားရောက်လေ့လာသည်။


3 Responses

Leave a Reply

  1. အေး၂၀၁၅ရွေးကောက်ပွဲမှာကြံ့ဖွံ့ တို့ ရောင်းစားမယ့်ပစ္စည်းတွေလေ
    ဒါကိုတော့ထုတ်ပေးလို့ မဖြစ်သေးဘူးထင်တယ်။နောက်လဲကျန်သေး
    ဒါကိုတော့ပေးမယ်မထင်ဒါကအဘအသက်လေ။

  2. မင်းကြီးညို

    ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရန်မလိုအပ်ပါ။ တရားမျှတမှု ရှိ၍သာ ကြားဖြတ်ရွေးကောက်ပွဲတွင်
    အင်န်အယ်လ်ဒီ အနိုင်ရရှိခြင်းဖြစ်ပါသည်။ ရွေးကောက်ပွဲကော်မရှင်မှလည်း အသိအမှတ်ပြု
    ခြင်းဖြစ်သည်။ အကယ်၍ ကလိန်ကကျစ်လုပ်ပြး မသမာမှုလုပ်ပြီး တဖက်သတ်ဆုံးဖြတ်လျှင်
    လည်း အန်တီကြီးလည်း ဘာမှတတ်နှိုင်မည်မဟုတ်ပါ။

    • 2008 Nargis state constitution must be fixed. Every one knows it is bias and unfair. If you don’t think it does not need to be fixed you are the one who belong to USDP, and or you must be one of 25% freeloaders who sitting in Parliamentary seats.