ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသားအရေး အလေးထားရန် လိုအပ် | ဧရာဝတီ
သတင်း

ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသားအရေး အလေးထားရန် လိုအပ်

Hits:1
  | |

ထိုင်း-မြန်မာ နယ်စပ် မယ်လဒုက္ခသည်စခန်းမှ ကလေးငယ်တဦး (ဓာတ်ပုံ – Steve Tickner)

အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေသည်ဆိုသော်လည်း နယ်စပ်ဒေသ ဒုက္ခသည်စခန်းများတွင် တိုင်းရင်းသား ဒုက္ခသည် ပိုမိုများပြားနေပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိသည်ကို ပြသနေကြောင်း ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) မှ ဒေါ်ခင်ဥမ္မာက ပြောဆိုလိုက်သည်။

ထို့အပြင် လယ်ယာမြေ အိုးအိမ်များကို အဓမ္မသိမ်းဆည်းမှုများသည်လည်း တိုင်းရင်းသားဒုက္ခသည် များပြားမှုကို ဖြစ်ပေါ်စေကြောင်း ယမန်နေ့က ပြုလုပ်သည့် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောသည်။

“အခုချိန်ထိ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ လျော့မသွားသေးတာဟာ နယ်မြေမတည်ငြိမ်သေးတာကို ပြနေတာပဲ။ အစိုးရက ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်မယ်ဆိုပြီး လယ်ယာမြေတွေ တိုင်းရင်းသားတွေဆီက သိမ်း၊ တိုင်းရင်းသားတွေမှာ နေစရာ နေ ရာ မရှိ။ နေစရာမရှိတော့ နယ်စပ်ဒုက္ခသည် စခန်းမှာ ကပ်နေကြရတယ်။ ဒီလိုဖြစ်နေတာ ဗမာလူမျိုးတွေထက် တိုင်းရင်းသား လူမျိုးတွေက ပိုများတယ်”ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။

တိုင်းပြည် ပြုပြင်ပြောင်းလဲနေပြီဖြစ်၍ မိမိတိုင်းပြည်၊ မိမိနေရပ်ကို ပြန်လာကြရန် အစိုးရက တိုက်တွန်းပြောကြားသော်လည်း ဒုက္ခသည်များမှာမူ စစ်တပ်ကို ကြောက်ရွံ့မှု၊ လယ်ယာ အိုးအိမ်များ သိမ်းဆည်းခံထားရမှုတို့ကြောင့် ပြန်လာမည်ဆိုပါက နေထိုင်စရာ မရှိသဖြင့် နေရပ်သို့ ပြန်မလာနိုင်ကြသေးကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း ၂၀၁၁ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကချင်ပြည် လွတ်လပ် ရေး အဖွဲ့(KIO) ထိန်းချုပ်မှုအောက်ရှိ ဒုက္ခသည်စခန်းများတွင် စစ်ပြေးဒုက္ခသည် ၆၃,၀၀၀ ကျော်ရှိ ပြီး အစိုးရ ထိန်းချုပ်မှုအောက်ရှိ မြစ်ကြီး နား၊ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီ မြို့နယ်များတွင် ဒုက္ခသည် ၃၄,၀၀၀ ကျော်ရှိနေကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ရှိ ဒုက္ခသည်စခန်း ၉ ခုတွင်လည်း ဒုက္ခသည် ၁၅၀,၀၀၀ ကျော် ရှိကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ စာရင်း အရ သိရသည်။

ဒေါ်ခင်ဥမ္မာက ဆက်လက်ပြီး ဒေသခံပြည်သူများ၏ အခြေအနေအမှန်များကို သိရှိရန်အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် မန္တလေးမြို့များ အပါအ၀င် နယ်မြို့များသို့ သွားရောက်လေ့လာရာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက် လိုလားမှုများရှိသည်ကို တွေ့ရကြောင်း ပြောဆိုသည်။

“ပြည်သူတွေက ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ တကယ်နေ့စဉ်ဖြတ်သန်းမှုက အရင်ကလိုပါပဲ။ ဘာမှမပြောင်းလဲဘူးလို့ မြင် ကြသလို သွားတဲ့နေရာတိုင်းက ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုလားကြပါတယ်။ အထူးသဖြင့် နယ်စပ်ငြိမ်းချမ်းရေးကို အရမ်း လိုချင်ကြတယ်”ဟု ၎င်းက ဆိုသည်။

ထို ခရီးစဉ်အတွင်း လယ်သမားများ လယ်ယာမြေ အသိမ်းခံရသည်ကို ပိုကြားခဲ့ရ သကဲ့သို့ တရားဥပဒေ စိုးမိုးမှု မရှိသေးသည်ကို တွေ့ရကြောင်းလည်း ဒေါ်ခင်ဥမ္မာက ပြောသည်။

“အစိုးရ က ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် စနစ်တစ်ခုလုံး ပြောင်းလဲရတယ်။ ၀တ်စုံပြောင်းတိုင်း မရဘူး။ အောက်က လူတွေကို လေ့လာဖို့လိုတယ်၊ ကြည့်ဖို့လိုတယ်။ ဥပဒေ ပြောင်းဖို့လည်း လိုတယ်။ လူတွေပါ ပြောင်းသင့်ရင် ပြောင်းရမယ်”ဟု ဒေါ်ခင်ဥမ္မာက ဆက် ပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာသည့်အတွက် နိုင်ငံတကာမှ လာရောက်၍ စီးပွားရေးရင်းနှီးမြှပ်နှံမည်ဆိုပါက မြန်မာ ပြည်သူများအကျိုးအတွက် ကာကွယ်ပေးမည့် ဥပဒေ တရပ် ရေးဆွဲသင့်သည်ဟုလည်း ဒေါ်ခင်ဥမ္မာက ပြောဆိုသည်။


WSJ LIVE VIDEO:

3 Responses

Leave a Reply

  1. Maung Myint(maesot)

    What you going to do for living if no refugees in border?Do something new.Myanmar is getting change.Listen to people of Myanmar.Do not use refugees for dirty politics.Save your name first before saving people of Myanmar.Don’t need to help but don’t disturb them.With 24 years experienced and pain.Enjoy your time for now.

  2. နိုင်ငံခြားကလူတွေ နိုင်ငံခြားသား အမည်ခံထားသူတွေရဲ့စကားကိုပဲ ယုံကြည်လက်ခံရတော့မလား