အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီ တရက်အတွင်း အဖျက်ခံရ | ဧရာဝတီ
သတင်း

အိုဘားမားကို ကြိုဆိုသည့် ဂရပ်ဖတီ တရက်အတွင်း အဖျက်ခံရ

Hits:1
  | |

အိုဘားမားကို ကြိုဆိုသည့် ဂရက်ဖတီကို ဖျက်ဆီးခံရပြီးနောက် မြင်တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာပြည်သို့ ပထမဆုံး လာရောက်မည့် ခရီးစဉ်ကို ကြိုဆိုသည့် အနေဖြင့် Night အဖွဲ့က ရေးဆွဲထားသည့် အိုဘားမား ဂရပ်ဖတီ ပုံကို တရက်တာအတွင်း ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။

အဆိုပါ ဂရပ်ဖတီ ပုံကို Night အဖွဲ့က အိုဘားမား တည်းခိုမည်ဆိုသည့် ရန်ကုန် တာမွေမြို့နယ်အတွင်းရှိ ချက်ထရီယံ ဟိုတယ်အနီးရှိ အဆောက်အအုံဟောင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီမှ ၅ နာရီအတွင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ည ၉ နာရီတွင် ယင်းပုံ အဖျက်ဆီး ခံလိုက်ရကြောင်း Night အဖွဲ့ဝင်တဦးဖြစ်သည့် ကိုအာကာကျော်က ဧရာဝတီသို့ပြောသည်။

“ကျနော်ကိုယ်တိုင် ဆွဲထားတာပါ။ အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားတာပါ။ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဆွဲထားတာကို အဖျက်ခံလိုက်ရတော့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျနော်ဆွဲထားတဲ့ ပုံတပုံတည်း ဖြစ်တာ ကျန်တဲ့ ပုံတွေရှိတယ်ဗျ။ အခွင့်အရေးရှိသေးရင် ထပ်ဆွဲဦးမယ်” ဟု ကိုအာကာကျော်က ဆိုသည်။

ယင်း ဂရပ်ဖတီ ပုံကို ဆွဲလိုသည့် ဆန္ဒဖြစ်ပေါ်လာသဖြင့် နေရာ လိုက်ရှာသည့်အခါ အိုဘားမား တည်းခိုမည်ဆိုသည့် ချက်ထရီယံ ဟိုတယ် အနီးတွင် ရှာတွေ့ကာ ဆွဲဖြစ်သွားကြောင်း၊ အိုဘားမား မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်တွင် မြန်မာပြည်အတွက် အကျိုးအမြတ် တစုံတရာ ရရှိမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ထပ်ပြောသည်။

ဂရပ်ဖတီများကို အစဉ် ဆွဲနေသည့် Generation Wave အဖွဲ့မှ တဦးက “ဂရပ်ပ်တီ ပုံတွေကို ဆွဲတဲ့သူကလည်း သူကြိုက်လို့ သူ့ခံစားချက်နဲ့အညီ ဆွဲတယ်။ ဖျက်တဲ့သူတွေကလည်း သူမကြိုက်လို့ လိုက်ဖျက်တာကတော့ ဖြစ်နေကျပါပဲ” ဟု ဆိုသည်။

အိုဘားမား၏ ဂရပ်ဖတီ ပုံ ရေးဆွဲထားသည်ကို တာမွေမြို့နယ် ရဲစခန်းက သိရှိသော်လည်း ၎င်းတို့ ဖျက်ဆီးခဲ့ခြင်း မဟုတ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးကိစ္စများကို တင်းကျပ်စွာ လုပ်ဆောင်နေကြောင်း၊ ပုံဖျက်သည့် ကိစ္စကိုမူ မသိရှိကြောင်း တာမွေရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

“ချက်ထရီယံ ဟိုတယ်မှာ အိုဘားမား လာတည်းမယ် ဆိုတော့ အကုန်လုံး ရှင်းထားတယ်။ ရက်ရှည်နေတဲ့သူတွေရော၊ ရုံးခန်းဖွင့်ထားတဲ့ သူတွေပါ ဘယ်သူမှ မထားဘူး။ လုံခြုံရေး ကိစ္စတွေကအစ ဟိုဘက် အကုန်လုံး စီမံနေတယ်။ သူ တကယ် တည်း မတည်းကတော့ မပြောတတ်ဘူး။ ဒီဟိုတယ် နည်းတူ အခုလို ဆောင်ရွက်ထားတဲ့ ဟိုတယ် ဘယ်နှခု ရှိနေလဲ ဆိုတာလည်း မသိဘူး” ဟု ချက်ထရီယံ ဟိုတယ် ၀န်ထမ်းတဦးက ဆိုသည်။

အမေရိကန်သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ရီပတ်ဘလီကန် ကိုယ်စားလှယ် မစ်ရွမ်နီကို အနိုင်ရခဲ့ပြီး နောက်ထပ် ၄ နှစ်သက်တမ်းကို သမ္မတတာဝန် ဆက်လက် ထမ်းဆောင်ခွင့် ရရှိကာ အရှေ့အာရှ နိုင်ငံများသို့ ပထမဆုံး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက် လည်ပတ်မည် ဖြစ်သည်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံ အစည်းအဝေး တက်ရောက်ရန်၊ အရှေ့အာရှ ထိပ်သီး ခေါင်းဆောင်များနှင့် စည်းဝေးရန် အတွက် သမ္မတ အိုဘားမားက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့် အရှေ့အာရှ နိုင်ငံများ ခရီးစဉ်သွားရောက်မည်ဟု မကြာသေးခင်က အိမ်ဖြူတော်မှ အတည်ပြု ကြေညာခဲ့သည်။

ကမ္ဘာထိပ်သီး ခေါင်းဆောင်တဦး ဖြစ်သည့် သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်စွာ ယူထားကြောင်း သိရသည်။


WSJ LIVE VIDEO:

9 Responses

Leave a Reply

  1. when George Bush was in Australia in 2003 – U S president group is about 500 plus. including his own chef.
    And F 16 fighters were hovering over Canberra 24 hours , round the clock, until he left.
    He stay in Australia for more than 3 days and spoke in Parliament. He bring his own THE BEAST with is own motorcade.

    That is the way to go.

    Perhaps, this visit in Myanmar – it would be the same. ‘ The Beast ‘ and ‘ Motorcade ‘ and own security members.

    That’s the way to go.

    • That processing is not only George Bush but every Presidents go everywhere with Their own OpSec Group and personals. How can Burma can provide Security with lack of technology, training, and C3..(Command, Control, Communication) even to provide Daw Aung San Suu Kyi ..

  2. အခုလိုမျိုးဖျက်ဆီးလိုက်တဲ့လုပ်ရပ်က၊အဲဒီဖျက်ဆီးတဲ့သူမှာမစ္ဆရိယစိတ်အမြဲဖုံးလွှမ်းနေလို့ဖြစ်ပါ
    လိမ့်မယ်။ကိုယ်ကအကြောင်းအရာတခုပေါ်အခြေခံလို့မနှစ်သက်ရင်မကြည့်နဲ့ပေါ့၊ဖျက်ဆီးချင်
    အုံးတော့တဖက်သားဆွဲတဲ့သူရဲ့အနုပညာကိုတန်ဖိုးထားသင့်တာပေါ့။

  3. I didn’t see any welcome sign in there.Also you have no right to do it.No democracy in public wall.I respect your art.But,try another way to become popular.

  4. ဒီလိုကိစ္စမျိုး လုပ်တာ … တော်တော်ကိုဆိုးပါတယ် …

  5. BOTH ARE CRAZY, DAMAGE THE CITY.

  6. မြန်မာ တိုင်းရင်းသူ

    ကိုအာကာကျော်ရေ စိတ်မကောင်းမဖြစ်နဲ့။ ဘာလို့ဆို အိုဘားမား အဲသည် ဟိုတယ်မှာ တည်းတော့မှာ မဟုတ်ဘူး။ စိတ်ချ။ အမေရိကန်တွေက အရွေးခံရလို့ တက်လာတဲ့ သမတကို မဲပေးခဲ့သူရော၊ မဲမပေးခဲ့သူ အများကပါ တိုင်းပြည် ကိုယ်စားလှယ်အဖြစ် တန်ဘိုးထားတယ်။ မှဲ့တပေါက် မစွန်းမှ ကြိုက်တယ်။ အခု ချက်ထရီယံမှာ တည်းမယ် သတင်းထွက်တယ် ဆိုရင် တည်းတော့မှာ မဟုတ်ဘူး။ နောက်တနေရာ ရှာဆွဲလဲ ဆွဲထားတာ တွေ့ရင် သူတို့ သမတလာမှာ သိနေလို့ လာဆွဲထားတယ် ဆိုပြီး သူ့ရဲ့ Secret Agents တွေက အဲသည်နေရာ မယူပဲ နေရာ ပြောင်းဦးမှာပဲ။ နောက်ဆုံးမှာ သံအမတ်အိမ် ဖြစ်ဖြစ်၊ အန်တီစု အိမ် အနား မှာ တည်းလိမ့်မယ်။ နောက်တခုက Graffiti ဆိုတာ အစကတည်းက သူများ ပိုင်ဆိုင်တဲ့ နံရံတွေ၊ အဆောက်အဦးနံရံတွေမှာ ခွင့်မတောင်းပဲ လိုက်ဆွဲထားတာ။ ကိုယ်က အပြစ်ကျူးလွန်ပြီးသား။ အဖျက်ခံရမှာ မဆန်းဘူး။ အမေရိကားမှာတော့ အဲသည် Graffiti တွေကို လူတွေ သိပ် အမြင်မကြည်ဘူး။ နံရံ ဖြူဖြူဖွေးဖွေး ရှင်းရှင်းသန့်သန့် မြင်ချင်တာ သူတို့ဟာတွေ လာ ဆွဲထားတယ်။ ကိုယ့်ဘာသာတော့ အဟုတ်မှတ်နေကြပေမယ့် တချို့က လှလဲ မလှ၊ အလွန် အကျည်းတန်တယ်။

    • မြန်မာတိုင်းရင်းသူတင်ပြတာကိုထောက်ခံပါတယ်။ ကျွန်တော်လည်းလူငယ်တယောက်ပါပဲ ပန်းချီကိုလည်းလေးစားစိတ်ဝင်စားပါတယ်။ဒါပေမည့်အဲဒီ graffiti ဆိုတာကိုမခံစားနိုင်ဘူး။ အဓိကဆိုလိုချင်တာကတော့စည်းကမ်းမရှိလုပ်ချင်ရာလုပ်နေတဲ့အဖျက်လုပ်ငန်း၊အနုပညာဆို ပြီးအနုပညာကိုနာမည်ဖျက်နေတဲ့အဖျက်လုပ်ရပ်ပဲလို့မြင်တယ်။မကြိုက်ဘူးဗျ။လက်မခံနိုင်ဘူး။ အဲဒီတော့ကျွန်တော်ကတော့အဲဒီလုပ်ရပ်ကို rackless-roadside-squiggles တွေလို့ပဲ သဘောထားပါတယ်။

  7. သြော် .. သူ့ပုံ အဖျက်ဆီးခံရလို့ တော့ ခံစားရတယ်ပြောတယ် ။ သူလိုလူတွေ သူများ ဆိုင် တံခါး ၊ ခြံစည်းရိုးတွေမှာ လိုက်ရေးတုန်းက အဲ့ဒီပိုင်ရှင်တွေ ဘယ်လိုခံစားရမလဲ မတွေးမိဘူးလား ။
    သူ့ရဲ့ လက်ရာကို ချီးကျူးပါတယ် ။ ဘယ်လောက်ဘဲညစ်ပါတ်တဲ့ ခြံစည်းရိုးဘဲဖြစ်ဖြစ်
    ခွင့်မတောင်းဘဲ သူများ နံရံပေါ်ဆွဲခဲ့ရင်တော့ သူ့လုပ်ရပ်ကို ရှုံ့ချပါတယ်